03 Jan 20AyeAyeSein

နေပြည်တော်တွင် Technical Discussion on Myanmar Demographic and Health Survey (2020-21) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်

     မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (MDHS၂၀၂၀-၂၁) ဒုတိယအကြိမ် ကောက်ယူရန်အတွက် Technical Discussion on Myanmar Demographic and Health Survey (2020-21) ဆွေးနွေးပွဲကို ၂၀၁၉ခုနှစ် ဒီဇင်ဘာ(၃)ရက်နေ့တွင် နေပြည်တော်ရှိ Man Myanmar Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် “MDHS(2020-21)ကို ကောက်ယူရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ဦးစီးပြီး နှီးနွယ်ဌာနများအားလုံး ပူးပေါင်းပါဝင်မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်တမ်းကောက်ယူမှုကို ပထမအကြိမ်ထက် cluster (၁၀၀) ခန့် ထပ်တိုး ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါကြောင်း၊ ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ အခြေအနေကို ညွှန်းပြနိုင်သည့် အဓိက အညွှန်းကိန်းများကို ယခင်အတိုင်း ဆက်လက်ကောက်ယူသွားမည်ဖြစ်ပြီး ထပ်မံဖြည့်စွက် ကောက်ယူသင့် သည့် အချက်တွေကိုလည်း ယခုဆွေးနွေးပွဲတွင် ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊

 

     Myanmar Demographic and Health Survey စစ်တမ်းသည် တစ်နိုင်ငံလုံး အနေအထားနှင့် ငါးနှစ်တစ်ကြိမ် လွှမ်းခြုံကောက်ယူခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ လူနေမှုဘဝနှင့် ကျန်းမာရေး ဆိုင်ရာ အချက်အလက်များကို ယခင် (၅)နှစ် အနေအထားနှင့် ယခုလက်ရှိ အနေအထားကို နှိုင်းယှဉ် သိရှိနိုင်မှာဖြစ်သလို စီမံကိန်းများ ချမှတ်ရေးဆွဲရာတွင်လည်း များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခင်က အတွေ့အကြုံများကို အခြေခံပြီး ယခုကောက်ယူမည့် စစ်တမ်းတွင် ပိုမိုပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် ဆွေးနွေးစေလိုပါကြောင်း၊ စစ်တမ်းကောက်ယူရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်ဖြစ်သည့် ပဏာမကွင်းဆင်း လေ့လာမှုများပြုလုပ်ခြင်း၊ စစ်တမ်း ကောက်ကွက်နေရာများ သတ်မှတ်ခြင်း၊ စစ်တမ်းမေးခွန်း ပြုစုခြင်းနှင့် စစ်တမ်းကောက်ယူမည့်သူ (enumerator)များအား လေ့ကျင့်ခြင်းတို့အတွက် အချိန်ကာလ လျာထားသတ်မှတ်ချက်တွေကိုလည်း တပါတည်း ဆွေးနွေးသွားမှာ ဖြစ်ပါကြောင်း၊ မှန်ကန်တိကျသည့် စစ်တမ်းရရှိနိုင်ဖို့ရာအတွက် ကွဲပြားသည့် ဘာသာစကားတွေကို တတ်ကျွမ်းသည့် စစ်တမ်းကောက်ယူမည့် (enumerator) များကို နေရာဒေသ အလိုက် ပါဝင်ကောက်ယူစေမှာ ဖြစ်ပါကြောင်း၊ (၂၀၂၀)ခုနှစ်တွင် စစ်တမ်းကောက်ယူရရှိလာသည့် အချက်အလက်များကို ဆန်းစစ် သုံးသပ်ခြင်းပြုလုပ်ပြီး စစ်တမ်းတွေ့ရှိချက်များကို (၂၀၂၁)ခုနှစ်တွင် ဖြန့်ဝေသွားဖို့ လျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

 

     စစ်တမ်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်နိုင်ဖို့ရာအတွက် သက်ဆိုင်ရာ ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုက အထူးအရေးပါသည့် ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ တက်ရောက် လာကြသူများ သည် ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ နှီးနွယ်ဌာနများမှ သက်ဆိုင်ရာပညာရှင်များ ဖြစ်ကြသည်နှင့်အညီ DHS ပါ အကြောင်းအရာ ကဏ္ဍများ၊ အညွှန်းကိန်းများ၊ မိမိတို့နိုင်ငံအနေအထားနှင့် ကိုက်ညီနိုင်မယ့် Country Specific Issues များအနက်မှ ပါဝင်သင့်သည်များကို ဝိုင်းဝန်းဆွေးနွေး အကြံပေးကြပါရန်နှင့် နိုင်ငံအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုအဖြစ် မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်း(၂၀၂၀-၂၁)တွင် ကောက်ယူသင့်သည့် အချက်များကို ပြည့်စုံမှန်ကန်စွာ ပါဝင်နိုင်ရေးနှင့် အချိန်မီ၊ အချိန်ကိုက် အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး ကြစေလိုပါကြောင်း” ပြောကြားခဲ့ပါသည်။ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ သတင်းအချက်အလက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းထွန်းမှလည်းကောင်း၊ USAID မှ Project Management Specialist (Maternal and Child Health) ဒေါက်တာမမျိုးအေးမှလည်းကောင်း၊ ICF မှ Senior Survey Coordinator Ms. Anjushree Pradhan မှ လည်းကောင်း MDHS(2020-21) ကောက်ယူနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီးနောက် တက်ရောက်လာကြသူများအား group များ ဖွဲ့၍ Survey အကြောင်းအရာပါ ခေါင်းစဉ်များနှင့် ပတ်သက်သော group work များပြုလုပ်စေခဲ့ပါသည်။ ထို့နောက် သက်ဆိုင်ရာ group work များမှ ညှိနှိုင်းဆုံးဖြတ်ချက်များကို တင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ နှီးနွယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ICF၊ USAID၊ Access to Health၊ WHO၊ UNICEF နှင့် World Bank အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ စုစုပေါင်း (၄၁)ဉီး တက်ရောက်ခဲ့ပါသည်။

More Tags

About Us

ဝန်ကြီးဌာနများ၏ Website များ

Related UN Organizations and NGOs

Our Contacts

Office 47, Nayphitaw

067xxxxxx